ချင်းပြည်နယ်ရှိ ဟားခါး၊ ဖလမ်းနှင့် တွန်းဇံမြို့နယ်များတွင် ရေကြီးမြေပြိုမှုကြောင့် ချင်းပြည်သူတို့ အတိ ဒုက္ခရောက်ခဲ့ရသည်ကို တစ်နိုင်ငံလုံးကြေကွဲစွာ မြင်တွေ့ ခဲ့ရပါသည်။ အဆိုပါ ရေကြီးမြေပြိုခဲ့မှုများ၏ အတိုင်း အတာကို သိရှိနိုင်ရန် မောင်းသူမဲ့လေယာဉ်ဖြင့် ကောင်းကင်ဓာတ်ပုံရိုက် Survey တိုင်းတာခြင်းနှင့် အသုံးချမြေပုံများ ထုတ်လုပ်ခြင်းတို့ကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်းကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသန ဌာနနှင့် ကုလသမဂ္ဂစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (UNFAO)တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
မောင်းသူမဲ့လေယာဉ်ဖြင့် ကောင်းကင်ဓာတ်ပုံရိုက် Survey တိုင်းတာနိုင်မှုကြောင့် သုံးဖက်မြင်ဒစ်ဂျစ်တယ် မြေပုံများ ထုတ်လုပ်ပေးနိုင်ခြင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ပျက်စီးမှုစစ်တမ်းကောက်ယူခြင်းနှင့် ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများ စီမံခန့်ခွဲနိုင်ခြင်းစသော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။ အဆိုပါ အကျိုးရလဒ်နှင့်အတူ တိကျသည့် ကွန်တိုလိုင်းများပါရှိသည့် မြေပုံများ ကိုပါ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါသည်။ မြို့ ပြအင်ဂျင်နီယာများသည် ကွန်တို လိုင်းများကို လေ့လာ၍ စီမံကိန်းဆောက်လုပ်မည့်နေရာရှိ မြေသားအနေ အထားသည် စီမံကိန်းအတွက် သင့်တော်မှုရှိ/မရှိ ဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။ မီးရထားလမ်း၊ မော်တော်ကားလမ်းနှင့် တူးမြောင်းကဲ့သို့သော စီမံကိန်းများ၌ မြေသားတူးဖော်မှုလုပ်ငန်းအနည်းဆုံးဖြစ်စေရန် ကွန်တိုလိုင်းများကို အသုံးပြု၍ ဆုံးဖြတ်ချက်ချမှတ်နိုင်ပါသည်။ မြစ်ချောင်းအင်းအိုင်များထဲသို့ စီးဝင်မည့် မိုးရေများကို စုစည်းပေးမည့် မိုးရေခံရပ်ဝန်းကို ကွန်တိုလိုင်းများအသုံးပြု၍ ရှာဖွေနိုင်ပါသည်။ ဤအချက်သည် ဆည်တည်ဆောက်မည့်နေရာ ရွေးချယ် ခြင်းနှင့် ရေကြီးနိုင်မှုအလားအလာ တိုင်းတာခြင်းကဲ့သို့သော လုပ်ငန်းများ အတွက် အထူးအသုံးဝင်ပါသည်။ တည်ဆောက်မည့်ဆည်၏ ပမာဏသတ်မှတ် နိုင်ရေးအတွက်လည်း ကွန်တိုလိုင်းများကို အသုံးပြုကြပါသည်။
ဤမျှသာမက မောင်းသူမဲ့လေယာဉ်ပျံဖြင့် ကောင်းကင်ဓာတ်ပုံရိုက် Survey တိုင်းတာမြေပုံထုတ်လုပ်ခြင်းကို ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံရှေးဟောင်းဒေသတစ်ခုလုံးအတွက်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာမှ ရရှိသောမြေပုံများနှင့် သုံးဖက်မြင်ဘုရားစေတီပုထိုး ပုံစံများသည် ပုဂံရှေးဟောင်းဒေသ ပျက်စီးမှုစစ်တမ်းကောက်ယူခြင်းနှင့် ပုဂံဒေသအား ကမ္ဘာ့့အမွေအနှစ်စာရင်း တင်သွင်းခြင်းလုပ်ငန်းတို့အတွက် အဓိက အထောက်အပံ့ကောင်းများဖြစ်လာမည်ဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာ သပညာ တက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသနဌာနသည် ရရှိပြီးအောင်မြင်မှုများကို ဆပွားမြှင့်တင် ခိုင်မာလာစေရန် အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန် မြှင့် ဆောင်ရွက်ပါရန် လေးစားစွာ ဂုဏ်ပြုတိုက်တွန်းအပ်ပါသည်။ ။